Lorem Ipsum

ဗုဒ္ဓမြတ်စွာ

ဗုဒ္ဓမြတ်စွာ

Lorem

အလည်လာသူများ

   

အလည်လာသူတို့ စကား

ဘုရား၊တရား၊သံဃာကို ကြည်ညိုရခြင်း အကြောင်းများ

6/3/10

ဘုရား၊ တရား၊ သံဃာကို မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေ ဘာကြောင့်ကြည်ညို ကိုးကွယ်တာလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။

ပထမဆုံးအနေနဲ့ ကြောက်လို့မဟုတ်ဘူးဆိုတာပဲ။ ကျွန်တော်တို့ ကြောက်လို့ မြတ်စွာဘုရားကို ကိုးကွယ်နေတာ မဟုတ်ပါဘူး။ မြတ်စွာဘုရားကလည်း ငါ့မကိုးကွယ်ရင် ဘာလုပ်မယ် ညာလုပ်မယ်လည်း မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ ရိုသေညွှတ်တွားစွာ ကိုးကွယ်ကြတယ်။ ဒါကို ဒီလို ဥပမာလေးနဲ့ တွေးကြည့်ရအောင်။ ကျွန်တော်တို့ အခုသုံးနေတဲ့ လျှပ်စစ်မီးလုံး၊ မီးချောင်းတွေကို စတင်တီထွင်ခဲ့တဲ့ အက်ဒီဆင်ကို သိမှာပေါ့။ သူသိပ်တော်ပါတယ်။ သူ့ရဲ့ ကြိုးစားမှုကြောင့်လည်း ဒီနေ့ခောတ်ကမ္ဘာကြီးဟာ အလင်းရောင်အောက်မှာ နေထိုင်နိုင်တာပေါ့။ သူ့ကျေးဇူးကို ဘယ်သူမှ မမေ့ပါဘူး။ မမေ့တဲ့အပြင်ကို သိပ်ကို လေးစားကြတယ်။ သူဟာ လူသာသေသွားတယ် နာမည်ကတော့ ဘယ်တော့မှ ပျောက်ဆုံးသွားမှာ မဟုတ်ပါဘူး။ ဒီလိုပါပဲ ကျွန်တော်တို့ မြတ်စွာဘုရားဟာ သိပ်ကို ဥာဏ်ရည်ထက်မြက်လွန်းတယ်။ အတုမရှိ ဗုဒ္ဓမြတ်စွာဆိုတာနဲ့အညီ သုံးလောကမှာ သူမသိတာ မရှိပါဘူး။ အရာရာတိုင်းကို ထိုးထွင်းသိမြင်နိုင်တော်မူတဲ့ ဥာဏ်ဟာ တကယ့်ကို အံမခန်းပါပဲ။ ဟိုးအရင် နှစ်ပေါင်း ၂၅၀၀ ကျော်က မြတ်စွာဘုရားဟောခဲ့တာတွေကို ကျွန်တော်တို့လူသားတွေက သိပ္ပံဆိုတဲ့ပညာရပ်နဲ့ ရှာဖွေနေတာ တစ်ချက်ပြီး တစ်ချက် လာလာကိုက်နေတာကို တွေ့ကတည်းက မြတ်စွာဘုရားလက်ထက်ကတည်းက ဟောကြားခဲ့ပြီးသားတွေဆိုတာ သိနိုင်ပါတယ်။ ဒီလို ဂုဏ်တော်ကိုးပါးနဲ့ ပြည့်စုံတော်မူတဲ့ မြတ်စွာဘုရားဟာ သတ္တ၀ါတွေကို သံသရာဝဋ်ဆင်းရဲကနေ ကယ်တင်လွတ်မြောက်စေခဲ့ပါတယ်။ ကျွတ်လွတ်သွားတဲ့ သတ္တ၀ါတွေ မရေမတွက်နိုင်အောင်များပြားသလို ကျွန်တော်တို့လို အမိုက်သားလေးတွေကလည်း အမြောက်အမြား ကျန်ရှိနေပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်မှာ မြတ်စွာဘုရားဆုံးမခဲ့တဲ့ ဟောကြားခဲ့တဲ့ တရားတွေကို နားယူရင်းနဲ့ သံသရာဝဋ်ဆင်းရဲကနေ လွတ်မြောက်နိုင်ပါသေးတယ်။ ဒီလို ကျေးဇူးကြီးမားပြီး၊ မဟာဂရုဏာကြီးမားလွန်းတဲ့ မြတ်စွာဘုရားကို ကျွန်တော်တို့တွေ လေးစားလွန်းအားကြီးတယ်။ ကြည်လည်း ကြည်ညိုလွန်းအားကြီးတယ်။ ဒါဟာ နေ့စဉ် ကျွန်တော်တို့ ဒူးတုပ်ရှိခိုးနေတဲ့ အကြောင်းရင်းဖြစ်ပြီးတော့ မြတ်စွာဘုရားရဲ့ အဆုံးအမအောက်မှာ နေလိုတဲ့၊ ဘုရား၊တရား၊ သံဃာကို ယုံကြည်တဲ့ သရဏဂုံတည်အောင် ကြိုးစားလိုခြင်းရဲ့ အကြောင်းအချက်တွေပဲဖြစ်ပါတယ်။

ဒုတိယကတော့ တရားတော်ပါ။ မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန်စံဝင်သွားခဲ့တာကို အားလုံးအသိပါပဲ။ ဒါပေမယ့် အခုအချိန်အထိ ဘုရားသာသနာကို ကျွန်တော်တို့ ခံစားနေရဆဲပါပဲ။ မြတ်စွာဘုရား နှုတ်တော်က ဟောကြားခဲ့တဲ့ တရားတွေကို ကျွန်တော်တို့ နာယူမှတ်သား ကျင့်ကြံပွားများနိုင်ကြပါသေးတယ်။ ဒါဟာ မြတ်စွာဘုရားကိုယ်တော်တိုင်မရှိတော့ပေမယ့် တရားတော်တွေကျန်ရှိနေသေးလို့ ကျွတ်တန်းဝင်သွားတဲ့ သတ္တ၀ါတွေဟာလည်း အမြောက်အမြားပါပဲ။ ဒါဟာ တရားဆိုတဲ့ ဂုဏ်တော်ကို ကျွန်တော်တို့ ရိုသေ၀ပ်တွား ကန်တော့နေကြတဲ့ အကြောင်းချက်တစ်ချက်ပါပဲ။

မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးတဲ့နောက်ပိုင်း အိန္ဒိယနိုင်ငံမှာ သာသနာတော်ဟာ ဘုန်းမီးနေလလို ထွန်းတောက်နေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အိန္ဒိယနဲ့ သီဟိုဠ်ကျွန်းမှာ စာသင်သံဃာတော်တွေ အပါအ၀င် သံဃာတော်အတော်များများဟာ သူခိုး၊ ဓါးပြရန်ကြောင့် ပျံလွန်တော်မူခဲ့ကြရတယ်။ ကျန်ရှိနေသေးတဲ့ သံဃာတော်တွေလည်း ထွက်ပြေးတိမ်းရှောင်ရင်းနဲ့ တရားတော်တွေကို နှုတ်မှာ တွင်တွင်ရွတ်ဆိုရင်း နေခဲ့ကြရတယ်။ ဘုဉ်းစရာဆွမ်း၊ ရေ မရှိတဲ့ကြားက အသက်မျော့မျော့ကြားက ဒီတရားတော်တွေကို မမေ့ရဘူး၊ မမေ့ရဘူးဆိုတဲ့ သံမဏိစိတ်ဓါတ်နဲ့ သယ်ဆောင်ပေးခဲ့ကြတယ်။ အဲဒီနောက်ပိုင်း ခိုးသူတွေရန်က ကင်းဝေးလို့ တိုင်းပြည်အေးချမ်းတဲ့အခါမှာ သံဃာတော်တွေဟာ မဖြစ်ချေဘူး။ ပိဋိကတ်သုံးပုံကို စာမှ မှတ်တမ်းတင်ချေမှ ဖြစ်မယ်လို့ တွေးမိလို့ စာမှာ မှတ်တမ်းတွေ ၀ိုင်းတင်ခဲ့ကြတယ်။ အခုအချိန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတ၀န်းလုံးက ၀ိပဿနာတရားစခန်းတွေမှာ ယောဂီတွေ တရားကို သိနိုင်ခြင်း၊ တရားအားထုတ်နိုင်ခြင်းအပါအ၀င် ဗုဒ္ဓဘာသာအကြောင်းချင်းရာမျိုးစုံကို သိနိုင်ဖို့ တတ်နိုင်ရာ တာဝန်ကို ထိန်းသိမ်းဆောင်ရွက်နေကြတာဟာ ရဟန်းသံဃာတော်အပေါင်းသာဖြစ်ပါတယ်။ ဘယ်ဘုရား သာသနာမှာမဆို သံဃာတော်တွေဟာ ဘုရားသားတော်တွေပါ။ ဘုရားစကား နားထောင်တဲ့ ဘုရားသားတော်တွေကို ကျွန်တော်တို့ ရိုသေ၀ပ်တွားအလေးထား ရှိခိုးပူဇော်နေကြတာဟာ ဤသို့သော အကြောင်းအရာများကြောင့်သာဖြစ်ပါတယ်။


အကျဉ်းချုံးရရင်တော့ ဘုရား၊တရား၊သံဃာကို ကျွန်တော်တို့လေးစားကြည်ညိုလွန်းလို့ ရှိခိုးပြီးတဲ့အချိန်မှာ စိတ်ဟာအင်မတန် အေးချမ်းကြည်လင်နေတတ်ပါတယ်။ စိတ်သာရှင်စော ဘုရားဟော ဆိုတဲ့အတိုင်းပဲ စိတ်ဟာ အေးချမ်းနေရင် ဘာမဆိုလုပ်ဆောင်မှုတိုင်းဟာ အောင်မြင်တတ်ပါတယ်။ ဘယ်လို ဘေးရန်လာလာ စိတ်က အေးချမ်းနေတာကြောင့် အောင်မြင်စွာ ဖြေရှင်းနိုင်ပါတယ်။ ဒါကြောင့် ဘုရားရှိခိုးရင် ဘေးရန်ကင်းတယ်ဆိုတာ ဒီလိုကြောင့်လို့တော့ ကျွန်တော်ထင်ပါတယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နတ်အပေါင်းတို့ စောင့်ရှောက်နေကြပါတယ်။ နတ်သက်ဟာ လူ့အသက်ထက်စာရင် အတော်ကို ရှည်လျားလွန်းတာကြောင့် မြတ်စွာဘုရားသာသနာကို မီခဲ့တဲ့ နတ်တွေဟာ ဒုနဲ့ဒေးပါ။ မြတ်စွာဘုရားကို ကြည်ညိုလွန်းတဲ့ နတ်တွေဟာလည်း ဒုနဲ့ဒေးပါ။ ဒီလိုနတ်အပေါင်းက ကျွန်တော်တို့ မြတ်စွာဘုရားသာသနာမှာ ယုံယုံကြည်ကြည်မွေ့လျော် ကိုးကွယ်နေတာကို မြင်တဲ့အခါမှာ အားရားကျေနပ်ပြီး ကျွန်တော်တို့အားလုံးအပေါ်မှာလည်း စောင့်ရှောက်ပေးတတ်ပါတယ်။ ဒါကြောင့် မကောင်းဆိုးဝါး အန္တရာယ်ဘေးက ကာကွယ်စောင့်ရှောက်ပေးတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။

ဒါကတော့ ကျွန်တော်ဥာဏ်မီသလောက် ဆင်ခြင်စဉ်းစားမှုပါ။ သာသနာအကြောင်းကို တတ်သိနားလည်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက်က ဒီစားကို ဖတ်မိခဲ့လို့ မှားယွင်းတာရှိခဲ့ရင် ၀င်ရောက်ထောက်ပြပေးခဲ့ပါလို့ ကျွန်တော် မောင်အေးချမ်း ဒီနေရာကနေ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။


အားလုံး အေးချမ်းသာယာရှိကြပါစေဗျာ။

Read more...

  © Blogger templates Newspaper by Ourblogtemplates.com 2008

Back to TOP